Monday, September 15, 2014

Toddler လေးတွေကို အစားအစာကျွေးတော့မယ်ဆိုရင်


အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေက အစာကျွေးရတာ ပိုခက်လာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ၁နှစ်အောက်ကလေးတွေထက် ပိုပြီး လှုပ်လှုပ်ရှားရှားဆော့ကစားနေတော့ အစားကို အာရုံသိပ်မထားတော့ပါဘူး။ ဒီလိုအရွယ်မှာ ကိုယ်ရည်စစ်သွားကြတာများပါတယ်။ ကလေးပိန်သွားတယ်ဆိုတာနဲ့ မိဘတိုင်းက ကိုယ့်ကလေးဘာလို့ပိန်သွားလဲ နေမကောင်းလို့လား ဘာလား စိတ်ပူရတာက အမော။ အဓိကကတော့ ကလေးကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးနေတယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ အစားထဲမှာများသောအားဖြင့် ဗီတာမင်တွေပါဝင်တဲ့အတွက် အားဆေးတွေလဲလိုအပ်ချင်မှလိုအပ်မှာပါ။ ဆိုတော့ သူတို့လေးတွေကို အစာဝင်အောင်ဘယ်လိုကျွေးမလဲ နည်းလမ်းရှာရတော့မယ်။ သူတို့စားနိုင်တဲ့ ပမာဏကိုလည်း သိထားရတော့မယ်။ ကိုယ်ကျွေးမယ့် အစားအစာတွေက သူတို့လေးတွေအတွက် တနေ့တာ လိုအပ်ချက်တွေပါဝင်လား စဉ်းစားရတော့မယ်။

ကလေးတစ်ယောက်အတွက် တနေ့တာ ဘာတွေစားသင့်သလဲ?
• ဒီအရွယ်ကလေးတွေဟာ ကစားဘက်ကို ပိုပြီးခုံမင်လာပါတယ်။ သူတို့လေးတွေအတွက် အကောင်းဆုံးအစားအစာတွေကတော့ အရသာအစုံဖြစ်တဲ့ မတူညီတဲ့အစာလေးတွေ၊ အပုံသဏ္ဌ္ဌာန် အဆန်းလေးတွေ၊ အရောင်စုံအစာလေးတွေပဲပေါ့။

ကလေးတစ်ယောက် တနေ့တာ ဘာလောက်စားသင့်သလဲ?
• ဒါလေးက မေမေတို့အတွက် အထူးစဉ်းစားသင့်တဲ့ မေးခွန်းလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဆုံးဖြတ်ရမှာက ကလေးကို ဘယ်အစားအစာကို ကျွေးမယ်ဆိုတာနဲ့ သူတို့ ဘယ်အချိန် ဘယ်နေရာမှာ ကျွေးမယ်ဆိုတာပါ။ ဘယ်အစားအစာကို ဘယ်လောက်စားမယ်ဆိုတာကိုတော့ ကလေးကို ရွေးခြယ်ခွင့်ပေးလိုက်ပါ။ တနေ့နဲ့တနေ့ အစားစားချိန်တိုင်းမှာ ကလေးရဲ့စားချင်စိတ်က မတူညီ ပြောင်းလဲနေတတ်တာဟာ သဘာဝတခုပါပဲ။ အရေးအကြီးဆုံးကတော့ ပန်းကန်ပြောင်တဲ့အထိ ကလေးကိုစားခိုင်းဖို့ မတိုက်တွန်းမိဖို့ပါပဲ။ (ကလေးက မစာဘဲ ပန်းကန်ထဲရှိတာကုန်အောင်စားရမယ်ဆိုတဲ့စိတ်ဝင်သွားရင် အ၀လွန်ရောဂါဖြစ်စေခြင်းအစပါပဲ)

ကလေးတစ်ယောက် အတွက်မကျွေးသင့်တဲ့အစားတွေက ဘာတွေလဲ?
• ကလေးကို နင်စေမယ့် အစားအစာတွေကို ရှောင်ကြဉ်ကျွေးဖို့ အရေးကြီးပါတယ်။

ချောပြီးနင်စေတဲ့အစာတွေဖြစ်တဲ့ စပျက်သီးတစ်လုံးလုံး ကျွေးတာ၊ အသားတုံး အကြီးကြီး၊ သကြားလုံး

မာပြီးသေးတဲ့အစာတွေဖြစ်တဲ့ အစေ့အဆံ၊ ပေါက်ပေါက်ဆုပ်၊ အာလူးကြော်၊ မုန်လာဥနီနှင့် စပျက်သီးခြောက်

စေးကပ်စာတွေဖြစ်တဲ့ မြေပဲယို (peanut butter)

ကလေးကိုကျွေးမယ့် အစာတွေကို သေးသေးလေးတွေ ဖြတ်တောက်ပြီးမှ အမြဲကျွေးမွေးပါ။ ကလေး စားနေတဲ့အချိန်လဲ သေချာစောင့်ကြည့်ပါ။

နောက်တခုက ကလေးတွေမှာ အစားအစာမတည့်တာတွေရှိပါတယ်။ အများဆုံးဖြစ်တဲ့ မတည့်စာတွေကတော့ နို့၊ ဥအမျိုးမျိုး၊ မြေပဲနှင့် အခြား အစေ့အဆံများ၊ ပဲနို့၊ ဂျုံ၊ ငါးနှင့် ပင်လယ်စာတို့ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကလေးတွေကြီးလာတဲ့အခါ မတည့်စာတွေပျောက်သွားတတ်ပါတယ်။ အကယ်၍ ကလေးမှာ မတည့်တဲ့အစာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့သေချာ တိုင်ပင်ပါ။ (အင်မတန်အရေးကြီးပါတယ် တချို့ စားဆေး ထိုးဆေးတွေမှာ ကိုယ်နဲ့မတည့်တဲ့ အစာတွေနဲ့ပြုလုပ်ထားတာမို့ ဆေးထိုး ဆေးစားမမှားဖို့ မတည့်စာတွေကိုမှတ်ထားပြီး ဆရာဝန်ကိုသေချာပြောပြပါ။)

အကယ်၍ ကလေးက အစာရွေးတဲ့ကလေးဖြစ်ခဲ့လျှင် ဘယ်လိုလုပ်မလဲ?
• ကလေးကို အစာအသစ်ကျွေးတော့မယ်ဆိုလျှင် တကြိမ်မှာ တမျိုးသာ စမ်းပြီးကျွေးပါ။ ကလေးတစ်ယောက်က အစာတစ်မျိုးကို ၁၀ထက်မက စားပြီးမှ သူတို့နှစ်သက်တယ်လို့ လက်ခံတတ်ပါတယ်။ မိသားစုဝင်အားလုံး အတူစားတဲ့အစာတွေကို ကျွေးတဲ့အခါ ကလေးကြိုက်တဲ့အစာတစ်မျိုးကိုထည့်ကျွေးဖို့လဲ မမေ့ပါနဲ့။ အစာပြင်တဲ့အခါမှာ သပ်သပ်စီခွဲပြင်ပါ။ ကလေးတွေက အစာတွေအားလုံးရောထားတာတွေကို စားရတာ မနှစ်သက်ပါဘူး။ ကလေးမကြိုက်တဲ့အစာတွေကို အတင်းကျွေးဖို့မလုပ်သင့်ပါဘူး။ ပန်းကန်ပြင်တဲ့အခါ ကလေးကြိုက်ရာလေးတွေရွေးစားလို့ရအောင် သုံးလေးမျိုးထည့်ပြီး ကျွေးသင့်ပါတယ်။

ထပ်လောင်း အကြံပြုအချက်များကတော့...
• ကျန်းမာတဲ့အစာစားချင်း အလေ့အထကို လေ့ကျင့်ပေးပါ။
• မနက်စာ နေ့လည်စာ ညစာများအပြင် ကြားချိန်များမှာ အစာပြေကျွေးဖို့ စီစဉ်ထားပါ။
• အစာစားချိန်မတိုင်မှီကလေးတွေကို ငြိမ်ငြိမ်လေးနေစေခြင်းက ကလေးတွေအစာပိုစားဝင်စေပါတယ်။
• အစားအစာနဲ့ ဘယ်တော့မှ ဆုချခြင်းမျိုးမလုပ်ပါနဲ့။
• ထမင်းဟင်းချက်ရာမှာ ကလေးတွေကို ၀င်ရောက်ကူညီပါစေ။
• အစာကျွေးတဲ့အခါ ကလေးသုံး ပန်းကန်၊ ခွက်၊ ဇွန်း ခရင်းတွေကို သုံးစွဲပါ။


ref: http://my.clevelandclinic.org/childrens-hospital/health-info/ages-stages/toddler/hic-Feeding-Your-Toddler.aspx
http://wholesomebabyfood.momtastic.com/ 


(ကျွန်မ သမီးတွေအတွက် အချက်အလက်တွေ ရှာဖွေရင်း သူငယ်ချင်း မေမေများအတွက်ပါ မျှဝေလိုက်ပါတယ်)



❤ ထာဝရဆု 

Saturday, September 13, 2014

ကလေးငယ်ကို အစာ(solid food) စကျွေးတော့မယ်ဆိုလျှင်....

ကလေးငယ်တွေ အသက် ၄လကနေ ၆လမှာ အစာ (solid food) စကျွေးလို့ရပါတယ်။ ဘယ်တော့ စကျွေးရတာပိုကောင်းလဲတော့ မရှိပါဘူး။ ကလေးက အစာကို လက်ခံနိုင်တဲ့ပေါ်မှာမူတည်ပါတယ်။ ကျွန်မသမီးတွေကိုတော့ ၅လလောက်မှ အစာစကျွေးဖြစ်ပါတယ်။ အမှန်တော့ သမီးငယ်လေး အစာစစားတာပိုပြီးစောပါတယ်။ သူ့ဆရာဝန်က အသက် ၂လခွဲ၃လလောက်မှာ နို့ဗူးထဲ ဆန်မှုန့်မှာထည့်တိုက်ခိုင်းပါတယ်။ နို့မှုန့် ၂ဆ ဆန်မှုန့်တဆပေါ့။ ရေကိုတော့ ပိုမထည့်ပါဘူး။ ဆိုတော့ နို့မှုန့်လို အကြဲကြဲမဟုတ်တော့ဘဲ ဆန်မှုန့်ပါတဲ့အတွက် သူကပိုပြီး အစာခံတယ်။ ဆန်မှုန့်ကျွေးပြီမှ တဆင့်ပြီး တဆင့် အသီးအနှံ အရွက် အသားလေးတွေ ကျွေးတာပေါ့။

အသီးအနှံတွေကို ပြုတ်ပြီး ချေ (သို့) ကြိတ်စက်လေးနဲ့ ကြိတ်ပြီး ကျွေးလို့ရပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး စတဲ့ ချေလွယ်တဲ့ အသီးတွေကိုတော့ ပြုတ်စရာမလိုဘဲ ပန်းကန်ထဲမှာ ဇွန်းလေးနဲ့ချေပြီး အလွယ်တကူကျွေးလို့ရပါတယ်။ (ကျွန်မသမီးတွေကို တခါမှ ၀ါးမကျွေးပါဘူး။ ပြောရရင် ရွံလို့ပါ။) ဆန်နဲ့ ပဲတွေကိုကျွေးချင်ရင် နူးနေအောင် ပြုတ် ကြိတ်စက်နဲ့ ချေပြီးမှကျွေးပါတယ်။

နောက်အရေးအကြီးဆုံးက မကျွေးသင့်တဲ့ အစားအစာတွေပါ။ ၁) ပျားရည်ကို တစ်နှစ်အောက်ကလေးတွေကို မကျွေးသင့်ပါဘူး အစာအဆိပ်သင့်တတ်လို့ပါ။ ချောင်းဆိုးပျောက်ဆေးမှာတောင် ပျားရည်ပါတဲ့အတွက် တစ်နှစ်အောက်ကလေးကိုတိုက်ဖို့ မသင့်တော်ပါဘူး။ ၂) peanut butter ကို တစ်နှစ်ကျော် နှစ်နှစ်ကျော်မှ စကျွေးသင့်ပါတယ်။ ၃) အစေ့အဆံ (nuts) တွေကို ၁နှစ်ကျော်မှ စကျွေးသင့်ပါတယ် ကလေးနင်နိုင်သောကြောင့်ဖြစ်ပါတယ်။ ၄) အချဉ် အသီးအနှံများဖြစ်တဲ့ လိမ္မော်သီးအနွယ်ဝင်များနှင့် အက်ဆစ်ပါသော ခရမ်းချဉ်သီးတို့ကို တစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။ အစာအိမ်မကောင်းဖြစ်နိုင်တဲ့အပြင် အရေပြား(rash) ဖြစ်နိုင်ပါတယ်။ ၅) စတော်ဘယ်ရီ၊ Raspberries၊ Blackberries များကို အစိမ်းကျွေးချင်ရင် တစ်နှစ်ကျော်မှ ကျွေးပါ။ ၆) ပြောင်းဖူးဟာလဲ တစ်နှစ်ကျော်မှ ကျွေးသင့်တဲ့ အစာပါ။ ၇) ကြက်ဥအကာကိုလဲ တစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။ ၈) နွားနို့ (သို့) ကျွဲနို့များကို တစ်နှစ်ကျော်မှ တိုက်သင့်ပါတယ်။ ၉ ) ပုဇွန်အစရှိသော အခွံမာ ပင်လယ်စာများကို တစ်နှစ်ကျော် နှစ်နှစ်ကျော်မှ စကျွေးသင့်ပါတယ်။

ကျွန်မ သာမာန်မိခင်တစ်ယောက်ပါ။ သမီးတွေတုန်းက ကျွေးခဲ့တာလေးတွေကို မျှဝေပေးတာသက်သက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်ပါ။







[http://wholesomebabyfood.momtastic.com/ မှ အချက်အလက်များ ယူရေးသားပါသည်။]

❤ ထာဝရဆု ❤

Thursday, August 21, 2014

ညစာ ဖဲပြားခေါက်ဆွဲ

ကျွန်မ သမီးနှစ်ယောက်က အစာသိပ်မရွေးကြပါဘူး။ မြန်မာစာကြိုက်သလို ဒီက အစာလေးတွေလဲ အစုံစားတတ်ကြတယ်။ သိပ်ပြီး cheese များတာတို့၊ စပ်တာတို့တော့ မကြိုက်ကြဘူး။ အရင်ကဆို အများကြီး မစားလို့ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သို့ပေမယ့် စာတွေဖတ်ကြည့်တဲ့အခါ ကလေးရဲ့  လက်တဆုပ်သာရှိတဲ့ အစာအိမ်သေးလေးက အစာတွေ အများကြီး လက်မခံနိုင်ဘူးဆိုတာ သိခဲ့ရလို့ သူတို့ တနိုင်စားနိုင်သလောက်ပဲ ထည့်ပေးတော့တယ်။ အများကြီးထည့်ပေးလဲ သူတို့ မကုန်နိုင်လို့ ကစားလိုက်ကြမှာလေ။ အဲလိုဆို မေမေဖြစ်တဲ့ ကျွန်မက စိတ်ဆိုးရအုံးမှာ...

ဟင်းချက်တာတွေ ကောင်းအောင် ချက်ပေမယ့်လဲ သူတို့ အရွယ်လေးတွေ စားချင်မှ စားမှာလေ။ ဆိုတော့ ကိုယ်လဲ သိပ်အများကြီး ပင်ပင်ပန်းပန်း မဟုတ်တဲ့ ကလေးစာလေးတွေ ချက်ပြုတ်ပြီး ပန်းကန်ကို စားချင်စဖွယ် ပြင်ပေးလိုက်ရင် ကလေးတွေအတွက် အကောင်းဆုံး အာဟာရတွေပါဝင်တဲ့ အစာတစ်ပွဲဖြစ်သွားမှာပါ။

ဒီနေ့ညစာကိုတော့ လွယ်လွယ်ကူကူ ဖဲပြားခေါက်ဆွဲလေးစားဖို့ လုပ်ပေးဖြစ်တယ်။

ခေါက်ဆွဲခြောက်လေးပြုတ်ဖို့ ရေနွေးအရင်တည်ထားပါ။ ရေနွေးဆူလျှင် ဆားအနည်းငယ်ထည့်ပြီး ခေါက်ဆွဲခြောက်လေးတွေထည့်ပါ။ ခေါက်ဆွဲရခါနီးလျှင် ပန်းဂေါ်ဖီ အစိမ်းကို ထည့်ပြုတ်ပါ။ အားလုံးရလျှင် ရေစစ်ထားပါ။ ပန်းကန်ပြင်တဲ့အခါ ခေါက်ဆွဲကို သန်လွင်ဆီလေး အနည်းငယ်ဖြန်း (သို့) ထောပတ်လေး အနည်းငယ်ထည့်ပါ။ ခေါက်ဆွဲပြုတ်တုန်းက ဆားပါပြီးသားမို့ ထပ်ထည့်စရာမလိုတော့ပါ။ ခေါက်ဆွဲ၊ ပန်းဂေါ်ဖီ အစိမ်းနှင့် အသားအတွက်ရှိပြီးသား ကြက်သားလေးကို သူ့နေရာနဲ့သူနေရာချပြီး အပေါ်ကနေ ငြုပ်ကောင်းလေးဖြူးပေးပါ။ ဒီလိုဆိုရင်တော့ လွယ်ကူပြီး အသား၊ အသီးအရွက်၊ ဂျုံ အစုံပါဝင်တာမို့ အာဟာရပြည့်ဝတဲ့ ညစာတပွဲရပါပြီ။


ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤


Wednesday, August 20, 2014

bubble လေးတွေနဲ့ ကစားရအောင်

ကလေးတိုင်း bubble လေးတွေနဲ့ ကစားရတာကို ဘယ်တော့မှ မရိုးသွား မအီသွားကြပါဘူး။ ဒီကစားနည်းလေးက ကုန်ကျစရိတ်နဲတဲ့ ကစားနည်း တခုပါပဲ။ 

လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပန်းကန်ဆေး ဆပ်ပြာရည်
ရေ
ပိုက်
ခွက် တို့ပါပဲ။ 


ပန်းကန်ဆေး ဆပ်ပြာရည် နှစ်ဇွန်းလောက်ကို ခွက်တခုထဲထည့် ပြီး ရေ နည်းနည်း ရောထားပါ။


နောက် ပိုက်လေးနဲ့ မှုတ်ပြီး စိတ်တိုင်းကျ ကစားနိုင်ပါပြီ။ ကလေးငယ်သေးရင် တော့ ပါးစပ်ထဲ ၀င်သွားမှာဆိုးလို့ ကိုယ်တိုင် မလုပ်ခိုင်းပါနဲ့အုံး။


လက်ဖြင့် ကိုင်တွယ်ပြီး စိတ်တိုင်းကျ ကစားခိုင်းလိုက်ပါ။


ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤ 

မီးတောင်ကနေ ချော်ရည်တွေ ဘယ်လိုထွက်သလဲ

ဒီနေ့တော့ သိပ္ဗံစမ်းသပ်မှုလေးတခု သမီးတွေနဲ့ လုပ်ဖြစ်ပါတယ်။ သိပ်ကြီးမားတဲ့ စမ်းသပ်မှုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပျော်စရာလဲ ကောင်း အသိပညာလဲ ရတဲ့ ကစားနည်းလေးမို့ သူငယ်ချင်းမေမေတွေသိအောင် ဝေမျှလိုက်ပါတယ်။


လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဆိုဒါ
ရှာလကာရည်
အစားအစာ အရောင်ဆိုးဆေး တို့ပါပဲ။


ခွက်လေးတွေထဲကို ဆိုဒါလေးတွေထည့်ပြီး အရောင် ၄-၅စက် ထည့်ပြီး သမအောင် မွှေပေးထားပါ။


ရှာလကာရည်ကို ဗူးလေးတခုထဲ ထည့်ထားပြီး ပေကြံမှုတွေကင်းအောင် ဗန်းတခုတော့ အောက်က ခံထားပေးရင် အကောင်းဆုံးပါပဲ။


နောက် သမီးတွေကို ရှာလကာရည် ဗူးပေးပြီး ဆိုဒါထည့်ထားတဲ့ ခွက်လေးတွေထဲ လောင်းထည့်စေလိုက်တဲ့ အခါ......


ဆိုဒါနှင့် ရှာလကာရည် ဓါတ်ပြုပြီး ချောရည်လေးတွေ ထွက်လာပါပြီ။



ဒီကစားနည်းမှာ သိပ္ဗံဆိုင်ရာ ဓါတ်ပြုခြင်း သဘောကို လက်တွေ့စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ နောက်တခုက ကလေးတွေ ဗူးကိုင်ပြီး လောင်းထည့်တဲ့အခါ အတိုင်းအဆကို လည်း သင်ယူနိုင်မှာမို့ ဒီကစားနည်းက အသုံးဝင်တဲ့ ကစားနည်းလေး တခုပေါ့....


ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤

တူရာလေးတွေ ရွေးခြယ် ကစားကြမယ်

ဒီနေ့ မနက် သမီးတွေကို ဘာလေးတွေ ပေးကစားရမလဲ စဉ်းစားရင်း ဘာမှ အသစ်တွေမလုပ်ဘဲ ရှိတဲ့ အရုပ်ကလေးတွေနဲ့ပဲ ကစားတော့မယလို့ အကြံလေးတခုရတယ်။

ပထမဦးဆုံး လိုအပ်တဲ့ အရုပ်အသေးလေးတွေကို အရင်ရှာထားလိုက်ပါ။ နောက် A3 ဆိုဒ် စာရွက်ပေါ်မှာ အရုပ်ထက် နည်းငယ် ခပ်ကြီးကြီးလေး ဖြစ်အောင် ဆွဲပါ။ အရုပ်ကလေးတွေကိုတော့ အိတ်တခု (သို့) ဗူးတခုထဲ ထည့်ထားလိုက်ပါ။


စာရွက်ကို စားပွဲပေါ်မှာ တိပ်ဖြင့် ကပ်လိုက်ပါ။ နောက် အရုပ်ထည့်ထားတဲ့ အိပ်ကို ပေးပြီး ကလေးတွေကို တူညီရာလေးတွေ ရွေးပြီး စီခိုင်းလိုက်ပါတယ်။ 


သမီးနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တူရာအရုပ်လေးတွေကို ရွေးပြီး စီနေတော့တာပါပဲ။


အားလုံး စီပြီးသွားတော့ နောက် တခေါက် ထပ်လုပ်မယ်ဆိုပြီး အရုပ်တွေကို အိတ်ထဲထည့်ကာ အစကနေ ပြန်ကစားကြတယ်။



ဒီကစားနည်းလေးက အကုန်အကျနည်းပေမယ့် ကလေးတွေအတွက်တော့ တူရာလေးတွေ ရွေးခြယ်တတ်တဲ့ အတတ်ပညာလေးကို ပေးစေမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤

ရေချိုးရင်း bubble လေးတွေနဲ့ ကစားကြမယ်

ရေချိုးတိုင်း bubble လေးတွေ လုပ်ပေးရပါတယ်။ ဒီတခါတော့ အဆန်းလေးဖြစ်အောင် လုပ်ပေးလိုက်တယ်။

ရေချိုးဆပ်ပြာရည်ကို အရောင်ဆိုးဆေး အစိမ်းလေး အစက် ၂၀-၃၀လောက်နှင့် ရေလေးနည်းနည်းထည့်ပြီး ပြီး blender  ထဲမှာ ထည့်မွှေလိုက်ပါတယ်။ 


ပြီး ရေနွေးလေးစပ်ထားတဲ့ tub ထဲကို ထည့်လိုက်တဲ့အခါ bubble အများကြီးထွက်လာတာပေါ့။ နောက်ဆန်းတာက ရေအရောင်ကပါ အစိမ်းလေးဖြစ်နေတာ။ 


bubble တွေနဲ့ ကစားရင်း bubble လေးတွေ အပေါ်က အရောင်ဆိုးဆေး အနည်းငယ် ဖြန်းပေးလိုက်ပြီး အရောင်ဆိုးပေးလိုက်တယ်။



 ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။


 ❤ ထာဝရဆု ❤