ကလေးငယ်တွေ အသက် ၄လကနေ ၆လမှာ အစာ (solid food) စကျွေးလို့ရပါတယ်။ ဘယ်တော့ စကျွေးရတာပိုကောင်းလဲတော့ မရှိပါဘူး။ ကလေးက အစာကို လက်ခံနိုင်တဲ့ပေါ်မှာမူတည်ပါတယ်။ ကျွန်မသမီးတွေကိုတော့ ၅လလောက်မှ အစာစကျွေးဖြစ်ပါတယ်။ အမှန်တော့ သမီးငယ်လေး အစာစစားတာပိုပြီးစောပါတယ်။ သူ့ဆရာဝန်က အသက် ၂လခွဲ၃လလောက်မှာ နို့ဗူးထဲ ဆန်မှုန့်မှာထည့်တိုက်ခိုင်းပါတယ်။ နို့မှုန့် ၂ဆ ဆန်မှုန့်တဆပေါ့။ ရေကိုတော့ ပိုမထည့်ပါဘူး။ ဆိုတော့ နို့မှုန့်လို အကြဲကြဲမဟုတ်တော့ဘဲ ဆန်မှုန့်ပါတဲ့အတွက် သူကပိုပြီး အစာခံတယ်။ ဆန်မှုန့်ကျွေးပြီမှ တဆင့်ပြီး တဆင့် အသီးအနှံ အရွက် အသားလေးတွေ ကျွေးတာပေါ့။
အသီးအနှံတွေကို ပြုတ်ပြီး ချေ (သို့) ကြိတ်စက်လေးနဲ့ ကြိတ်ပြီး ကျွေးလို့ရပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး စတဲ့ ချေလွယ်တဲ့ အသီးတွေကိုတော့ ပြုတ်စရာမလိုဘဲ ပန်းကန်ထဲမှာ ဇွန်းလေးနဲ့ချေပြီး အလွယ်တကူကျွေးလို့ရပါတယ်။ (ကျွန်မသမီးတွေကို တခါမှ ၀ါးမကျွေးပါဘူး။ ပြောရရင် ရွံလို့ပါ။) ဆန်နဲ့ ပဲတွေကိုကျွေးချင်ရင် နူးနေအောင် ပြုတ် ကြိတ်စက်နဲ့ ချေပြီးမှကျွေးပါတယ်။
နောက်အရေးအကြီးဆုံးက မကျွေးသင့်တဲ့ အစားအစာတွေပါ။ ၁) ပျားရည်ကို တစ်နှစ်အောက်ကလေးတွေကို မကျွေးသင့်ပါဘူး အစာအဆိပ်သင့်တတ်လို့ပါ။ ချောင်းဆိုးပျောက်ဆေးမှာတောင် ပျားရည်ပါတဲ့အတွက် တစ်နှစ်အောက်ကလေးကိုတိုက်ဖို့ မသင့်တော်ပါဘူး။ ၂) peanut butter ကို တစ်နှစ်ကျော် နှစ်နှစ်ကျော်မှ စကျွေးသင့်ပါတယ်။ ၃) အစေ့အဆံ (nuts) တွေကို ၁နှစ်ကျော်မှ စကျွေးသင့်ပါတယ် ကလေးနင်နိုင်သောကြောင့်ဖြစ်ပါတယ်။ ၄) အချဉ် အသီးအနှံများဖြစ်တဲ့ လိမ္မော်သီးအနွယ်ဝင်များနှင့် အက်ဆစ်ပါသော ခရမ်းချဉ်သီးတို့ကို တစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။ အစာအိမ်မကောင်းဖြစ်နိုင်တဲ့အပြင် အရေပြား(rash) ဖြစ်နိုင်ပါတယ်။ ၅) စတော်ဘယ်ရီ၊ Raspberries၊ Blackberries များကို အစိမ်းကျွေးချင်ရင် တစ်နှစ်ကျော်မှ ကျွေးပါ။ ၆) ပြောင်းဖူးဟာလဲ တစ်နှစ်ကျော်မှ ကျွေးသင့်တဲ့ အစာပါ။ ၇) ကြက်ဥအကာကိုလဲ တစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။ ၈) နွားနို့ (သို့) ကျွဲနို့များကို တစ်နှစ်ကျော်မှ တိုက်သင့်ပါတယ်။ ၉ ) ပုဇွန်အစရှိသော အခွံမာ ပင်လယ်စာများကို တစ်နှစ်ကျော် နှစ်နှစ်ကျော်မှ စကျွေးသင့်ပါတယ်။
ကျွန်မ သာမာန်မိခင်တစ်ယောက်ပါ။ သမီးတွေတုန်းက ကျွေးခဲ့တာလေးတွေကို မျှဝေပေးတာသက်သက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်ပါ။
[http://wholesomebabyfood.momtastic.com/ မှ အချက်အလက်များ ယူရေးသားပါသည်။]
❤ ထာဝရဆု ❤
No comments:
Post a Comment