Thursday, August 21, 2014

ညစာ ဖဲပြားခေါက်ဆွဲ

ကျွန်မ သမီးနှစ်ယောက်က အစာသိပ်မရွေးကြပါဘူး။ မြန်မာစာကြိုက်သလို ဒီက အစာလေးတွေလဲ အစုံစားတတ်ကြတယ်။ သိပ်ပြီး cheese များတာတို့၊ စပ်တာတို့တော့ မကြိုက်ကြဘူး။ အရင်ကဆို အများကြီး မစားလို့ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သို့ပေမယ့် စာတွေဖတ်ကြည့်တဲ့အခါ ကလေးရဲ့  လက်တဆုပ်သာရှိတဲ့ အစာအိမ်သေးလေးက အစာတွေ အများကြီး လက်မခံနိုင်ဘူးဆိုတာ သိခဲ့ရလို့ သူတို့ တနိုင်စားနိုင်သလောက်ပဲ ထည့်ပေးတော့တယ်။ အများကြီးထည့်ပေးလဲ သူတို့ မကုန်နိုင်လို့ ကစားလိုက်ကြမှာလေ။ အဲလိုဆို မေမေဖြစ်တဲ့ ကျွန်မက စိတ်ဆိုးရအုံးမှာ...

ဟင်းချက်တာတွေ ကောင်းအောင် ချက်ပေမယ့်လဲ သူတို့ အရွယ်လေးတွေ စားချင်မှ စားမှာလေ။ ဆိုတော့ ကိုယ်လဲ သိပ်အများကြီး ပင်ပင်ပန်းပန်း မဟုတ်တဲ့ ကလေးစာလေးတွေ ချက်ပြုတ်ပြီး ပန်းကန်ကို စားချင်စဖွယ် ပြင်ပေးလိုက်ရင် ကလေးတွေအတွက် အကောင်းဆုံး အာဟာရတွေပါဝင်တဲ့ အစာတစ်ပွဲဖြစ်သွားမှာပါ။

ဒီနေ့ညစာကိုတော့ လွယ်လွယ်ကူကူ ဖဲပြားခေါက်ဆွဲလေးစားဖို့ လုပ်ပေးဖြစ်တယ်။

ခေါက်ဆွဲခြောက်လေးပြုတ်ဖို့ ရေနွေးအရင်တည်ထားပါ။ ရေနွေးဆူလျှင် ဆားအနည်းငယ်ထည့်ပြီး ခေါက်ဆွဲခြောက်လေးတွေထည့်ပါ။ ခေါက်ဆွဲရခါနီးလျှင် ပန်းဂေါ်ဖီ အစိမ်းကို ထည့်ပြုတ်ပါ။ အားလုံးရလျှင် ရေစစ်ထားပါ။ ပန်းကန်ပြင်တဲ့အခါ ခေါက်ဆွဲကို သန်လွင်ဆီလေး အနည်းငယ်ဖြန်း (သို့) ထောပတ်လေး အနည်းငယ်ထည့်ပါ။ ခေါက်ဆွဲပြုတ်တုန်းက ဆားပါပြီးသားမို့ ထပ်ထည့်စရာမလိုတော့ပါ။ ခေါက်ဆွဲ၊ ပန်းဂေါ်ဖီ အစိမ်းနှင့် အသားအတွက်ရှိပြီးသား ကြက်သားလေးကို သူ့နေရာနဲ့သူနေရာချပြီး အပေါ်ကနေ ငြုပ်ကောင်းလေးဖြူးပေးပါ။ ဒီလိုဆိုရင်တော့ လွယ်ကူပြီး အသား၊ အသီးအရွက်၊ ဂျုံ အစုံပါဝင်တာမို့ အာဟာရပြည့်ဝတဲ့ ညစာတပွဲရပါပြီ။


ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ကြပါစေ။

❤ ထာဝရဆု ❤


No comments:

Post a Comment