Sunday, August 17, 2014

ကလေး ၂ နှစ်ကျော်အထိ စကားမပြော နောက်ကျနေလျှင်......

ကလေး၂နှစ်ကျော်အထိ စကားမပြောလို့ စိတ်မကောင်းဖြစ်နေတဲ့ သူငယ်ချင်းတို့ရေ.... တချို့ကလေးတွေက စောစီးစွာ စကားစပြောပေမယ့် တချို့က နောက်ကျတတ်ပါတယ်။ ကလေးတယောက်နဲ့ တယောက်က ဘယ်လိုမှ မတူညီနိုင်ပါ။ ကိုယ့်ကလေး ၂နှစ်ကျော်အထိ စကားလုံး အနည်းငယ်ပဲပြောတာ (သို့) လုံးဝမပြောသေးတာ ဘာကြောင့်လဲလို့ စဉ်းစားမယ်ဆိုရင် အရင်ဆုံး ကိုယ်နဲ့ ကိုယ့်ခင်ပွန်း ငယ်ငယ်တုန်းက ဘယ်အရွယ်မှာ စကားပြောလဲ။ စကားပြောနောက်ကျခဲ့လား။ တခြား မိသားစုဝင်တွေထဲမှာရော စကားပြောနောက်အကျဆုံးက ဘယ်အရွယ်လောက်လဲ။ စတဲ့ မျိုးရိုးစဉ်ဆက်ကို အရင်ဆုံး လေ့လာရပါမယ်။ နောက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကလေးစကားပြော တိုးတက်မှုကို စောင့်ကြည့် အကဲခတ်ဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တခုကတော့ အိမ်မှာ ဘာသာစကား ဘယ်နှစ်မျိုးပြောပါသလဲ။ ဘာသာစကား နှစ်ခုထက်ပိုတဲ့အခါ ကလေးအတွက် စပြီး စကားစ ပြောဖို့ အချိန်ပေးရတတ်ပါတယ်။

စစပြောချင်း တလုံးစ နှစ်လုံးစကနေ နောက် စာကြောင်းတွေ ပြောလာနိုင်မယ်။ အဲလို ပြောလာနိုင်ဖို့ကို မလောပါနဲ့။ အရင်ဆုံး အိမ်မှာ ကလေးကို စာလုံးတွေကနေ စပြီး သင်ပေးပါ။ တခုခုလိုချင်လို့ တောင်းတဲ့အခါမှာ ကလေးက စကားမပြောပဲ လက်နဲ့ပဲ ညွှန်ပြမယ် (သို့) အီးအီးအားအား လို့ပဲ ဖြစ်နေမယ်ဆိုရင် ချက်ချင်း မလုပ်ပေးလိုက်ပါနဲ့အုံး။ ဘာလို့ခုလိုပြောရလဲဆိုရင် ကလေးနဲ့အတူနေပါများတော့ သူလိုချင်တာကို မိခင်တွေက ချက်ချင်းသိနိုင်လို့ပါပဲ။ အကယ်လို့ ရေသောက်ချင်တယ်ဆိုပြီး လက်ညိုးထိုးပြနေမယ်ဆိုရင် "ရေသောက်ချင်လို့လား" လို့ မေးလိုက်ပါ။ ကလေးက ခေါင်းညိတ်ပြမယ်ဆိုရင် " ဟုတ်၊ ရေ၊ မေမေ" လို့ပြောခိုင်းပြီး ခဏစောင့်ပါ။ ကလေးက လိုက်မပြောရင် ထပ်ပြီး ကြိုးစားပြောဖို့ အားပေးပါ။ ပြောခိုင်းတဲ့ထဲက စကားလုံးထဲက တလုံးလောက် ပြောတယ်ဆိုရင်တော့ ဆုလာဘ်အနေဖြင့် သူလိုချင်တာကို ပေးလိုက်ပါ။ အဲလိုမှ မဟုတ်ဘဲ အော်ဟစ် ငိုကြွေးနေမယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး လိုက်ပြောဖို့ စည်းရုံးပါ။ ခုလို ကြိုးစားမှုက နာရီပိုင်းကနေ နေ့ရက်အထိ ကြာနိုင်ပါတယ်။

ကလေးနဲ့ အပြင်ထွက်မယ်ဆိုရင် လမ်းမှာ မြင်သမျှ အရာတွေကို ညွှန်ပြပြီး ဘာတွေဆိုတာ ပြောပြပါ။ ကလေးကို လိုက်ပြောခိုင်းပါ။ "ရှဥ့်လေးကို မြင်တယ်။ သား ရှဥ့်လေးကိုတွေ့လား။" "ရှဥ့်၊ ပြောကြည့်ပါအုံး" လို့ပြောခိုင်းပါ သူပြန်ပြောမှာကို စိတ်ရှည်စွာစောင့်ဆိုင်းပါ။ နောက်တနည်းကတော့... ပုံများများပါတဲ့ စာအုပ်တွေကို ဖတ်ပြတာပါ။ ဥပမာ "လိပ်ပြာလေးက ဘယ်မှာလဲ။" လို့မေးကြည့်ပါ။ သူက လက်ထောက်ပြတယ်ဆိုရင် "အဲဒါ လိပ်ပြာ။ လိပ်ပြာလို့ ပြောပါ" လို့ ပြောခိုင်းပါ။

ကလေးရဲ့ တိုးတက်မှုအတွက် ဘယ်လောက်စကားပြောလာတယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။ ခုနည်းတွေကို မလုပ်ခင် နေ့စွဲနဲ့ ဘယ်လောက်ပြောနိုင်တယ်ဆိုတာကို မှတ်ထားရပါမယ်။ နောက် တိုးတက်လာသမျှကို ဘယ်နေ့မှာ ဘယ်လောက်အထိ ပြောလာနိုင်တယ်ဆိုပြီး ရေးမှတ်ထားပါ။ ဥပမာ၊ ဒီနေ့တော့ ရှဥ့်၊ လိပ်ပြာ၊ ရေ ပြောတယ်.... စသည်ဖြင့် မှတ်ထားခြင်းဖြင့် ကလေးရဲ့ စကားပြော တိုးတက်မှုကို စောင့်ကြည့်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ ဘယ်လို speech therapy လုပ်နိုင်မယ်ဆိုတာ တိုင်ပင်ကြည့်ပါ။

မတတ်တတတ်လေး ဘာသာပြန် မှီငြမ်းရေးပေးလိုက်ပါတယ်။ အင်္ဂလိပ်လို ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။


❤ ထာဝရဆု ❤

No comments:

Post a Comment