နေ့စဉ် ကလေးတွေကို ကစားနည်းလေးတွေ လုပ်ပေးနေရတာက တမျိုး၊ ဟင်းချက်ရတာက တမျိုး၊ ရှုပ်ယှက်ကို ခက်နေတာ။ ခုကစားနည်းက မေမေတွေအတွက်လဲ လွယ်ကူသက်သာမယ့် နည်းလေး တခုပါ။ ကလေးတွေလဲပျော် မေမေလဲ အလုပ်ပြီးပေါ့။
ဘာလဲဆိုတာ ကြည့်ရအောင်.....
ဒီကစားနည်းလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေက
၁. ပြောင်းဖူးကော်မှုန့် (cornstarch) 1/2 ခွက်
၂. ကလေးရေချိုးဆပ်ပြာရည် 1/2 ခွက်
၃. အစားအစာ အရောင်ဆိုးဆေး
၎. ထည့်စရာ ခွက် တို့ပဲ ဖြစ်ပါတယ်။
ပြောင်းဖူးကော်မှုန့် နှင့် ကလေးရေချိုးဆပ်ပြာရည် (နှစ်သက်ရာ) ကို ဇလုံတခုထဲထည့်မွှေပါ။ သမပြီး ခပ်ပြစ်ပြစ်လေးရရင်တော့ ရေခဲခဲခွက် (သို့) ခွက်ငယ်လေးများထဲခွဲထည့်ပါ။ ခု အချိုးအစားအတိုင်းသည် ၇ ရောင်လောက် စပ်လို့ရတဲ့ အတိုင်းအဆဖြစ်ပြီး တခါဆော့စာအတွက် လုံလောက်ပါတယ်။ နောက် အစားအစာ အရောင်ဆိုးဆေး ကို သုံးစက်လောက် ထည့်ပြီး အရောင်စပ်ပေးလိုက်လျှင်တော့ ကစားဖို့ အသင့်ဖြစ်ပါပြီ။ အစားအစာ အရောင်ဆိုးဆေးအရည်က ကစားနည်းတိုင်းလိုလိုမှာ ပါနေတာကြောင့် ၀ယ်ရတာတန်တယ်လို့ ဆိုရမှာပဲ။ ဘူးသေးလေးတွေဆိုပေမယ့် သုံးနေတာ ခုထိ မကုန်သေးပါဘူး အတော့်ကို အသုံးခံပါတယ်။
ကဲ စ ကစားရအောင်.....ဒီတခါတော့ ရိုးရိုး သမရိုးကျ ထိုင်ခုံမှာ ထိုင် စက္ကူမှာ ဆွဲမှာ မဟုတ်ပါဘူး။
ရေချိုးခန်းထဲက ကြွေပြားတွေမှာ စုတ်တံ(သို့) လက် ဖြင့် သားသားမီးမီးတို့ စိတ်ကြိုက် ရေးဆွဲ ကစားနိုင်မှာ ဖြစ်ပါတယ်။
ပြန်ရှင်းရမှာကိုတော့ စိတ်မရှုပ်နဲ့နော်။ မေမေတို့အတွက် သတင်းကောင်းက သားသားမီးမီးတို့ ကစားပြီးလို့ ရေမိုးချိုးပေးပြီးရင် ဆွဲထားတဲ့ မာစတာပိစ့်တွေကို ဘရုပ်လေးနဲ့ အသာလေးတိုက်ပြီး ရေဆေးချလိုက်ရင်တော့ မိနစ်ပိုင်းအတွင်း သန့်ရှင်းတောက်ပြောင်တဲ့ ရေချိုးခန်းလေး ဖြစ်သွားမှာပါ။ လွယ်ကူသက်သာတဲ့ 2-in-1 ကစားနည်းပေါ့။
သားသားမီးမီးတို့နဲ့ ပျော်ရွှင်ဖွယ် အချိန်လေးများ ဖန်တီးနိုင်ပါစေ။
❤ ထာဝရဆု ❤
No comments:
Post a Comment