Sunday, August 17, 2014

DIY အိမ်လုပ် ပန်းချီဆေးလေး သားသားမီးမီးတို့အတွက် လုပ်ပေးကြရအောင်


ကစားနည်း ပိုစ့်အသစ်တွေမတင်ဖြစ်တာတောင် အတော်ကြာနေပြီ။ ကလေးနှစ်ယောက်ကို ထိန်းနေရတာနဲ့ မအားလို့ပါ။ ခုကစားနည်းလေးက ညီမလေး တစ်ယောက်တောင်းဆိုထားတဲ့ ကိုယ်တိုင်လုပ် ပန်းချီဆေးလုပ်နည်းလေးပါ။ မေးထားတာ ကြာနေပေမယ့် ခုမှတင်ပေးဖြစ်လို့ စိတ်မဆိုးတော့နဲ့နော်။  kitchen ထဲအသုံးပြုတဲ့ ပစ္စည်းတွေပဲ အသုံးပြုထားတာကြောင့် ကလေးကို ယုံကြည့်စိတ်ချစွာ ပေးကစားနိုင်ပါတယ်။ ကဲ ဒီနေ့ပဲ စမ်းလုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
-------------------------

၁. ဂျုံ ၁ခွက်
၂. ဆား ၁ခွက်
၃. ရေ ၁ခွက်ခွဲ
၎. ဆီ ၁ဇွန်း
၅. အစားအစာအရောင်ဆိုးဆေး
၆. မုန့်ဖုတ်ဗန်း (သို့) ရေခဲခဲခွက် (သို့) ပလက်စတစ် ကြက်ဥထည့်ခွက်
၇. ဇလုံ
၈. ယောက်ချို တို့ပဲဖြစ်ပါတယ်

ပထမဦးစွာ ဇလုံထဲသို့ ဂျုံ ဆား ရေ ထည့်ပြီး သမအောင် မွှေပေးပါ။ ဂျုံများပျော်ဝင်ပြီး ခပ်ပျစ်ပျစ်အနေအထားဖြစ်ပြီဆိုရင်တော့ ဆီထည့်ပြီး မွှေပေးပါ။ ဆီထည့်ရခြင်းက ဆေးအရောင်တောက်ပစေရန်ဖြစ်ပါသည်။


နောက် ဆေးထည့်မည့် ခွက်ကလေးတွေထဲ နည်းနည်းစီခွဲထည့်ပါ။ 



အစားအစာအရောင်ဆိုးဆေး ကိုထည့်၍ နှစ်သက်ရာ အရောင်များစပ်ပြီးလျှင်တော့ ပန်းချီဆေးခြယ်ဖို့ အသင့်ဖြစ်ပါပြီ။ ကျွန်မသုံးထားတာကတော့ ၀ါ၊ စိမ်း၊ နီ၊ ပြာ လေးရောင်ကို အရောင်လေးတွေစပ်ထားတာပါ။



သမီး T က ဂျုံမွှေတာက အစ အရောင်စပ်တာအဆုံး လိုက်ကူပြီး လုပ်ပေးပါတယ်။ အရောင်စပ်တဲ့ အခါ ဘာအရောင်လေး ထွက်လာမယ်ဆိုတာကို ခန့်မှန်းရတာလဲ သူ့မှာ အမောပါပဲ။ 



ပန်းချီဆွဲတဲ့အခါမှာတော့ အရွယ်က ငယ်သေးတော့ စာရွက်ချပြီး ဆေးဗန်းပေးထားလိုက်တာ စိတ်ကြိုက်ကို ခြယ်သနေပါတော့တယ်။ သမီး H နိုး လာတော့ သူ့မမ နဲ့ အတူ ၀င်ပြီး ပန်းချီဆွဲပါတယ်။

သူငယ်ချင်းတို့လဲ စမ်းလုပ်ကြည့်ပြီး အဆင်ပြေရင် အကြောင်းကြားကြအုံးနော်။

ဒီပိုစ့်လေးကို နှစ်သက်တယ်ဆိုရင် like, share, comment လေးတွေ လုပ်ပေးကြဖို့ မမေ့နဲ့အုံး။

သားသားမီးမီးတို့နဲ့ ပျော်ရွှင်ဖွယ် အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။


❤ ထာဝရဆု ❤

No comments:

Post a Comment