Sunday, August 17, 2014

သမီးကြီး ဆေးခန်းသို့ အလည်တစ်ခေါက်....

သမီးကြီးက တီဗီသိပ်ကြိုက်တယ်။ သူကြည့်တဲ့ ကာတွန်းကားတွေထဲကနေ သင်ယူစရာအများကြီး မှတ်ယူနေခဲ့တယ်။ သူ့ကို သေချာမသင်ပေးပဲနဲ့ အင်္ဂလိပ်လို ကောင်းကောင်းကြီး ပြောတတ်နေပြီ။ သူပြောလိုက်တဲ့ စကားတွေကို တခါတခါ ကိုယ်တောင် အံသြော် ရယ်မောရတယ်။ ကောင်းတာရှိသလို ဆိုးတာလည်း တဘက်မှာရှိတာပေါ့။ သမီးက ကြည့်တာများလာတာနဲ့အမျှ တခါတခါ အာရုံစိုက်ကြည့်ရင် မျက်မှောင်ကုတ်ကုတ်သွားတယ်။ အသိတွေကလည်း သတိပေးလာတယ်။ သမီးကို မျက်စိဆရာဝန်ပြကြည့်ပေါ့။ မွေးတုန်းကလည်း ညှပ်နဲ့မွေးထားတာဆိုတော့ များသောအားဖြင့် မျက်စိထိတတ်တယ်လို့ ပြောလာကြတော့ သမီးဆရာဝန်ကိုပြောပြီး မျက်စိဆရာဝန်နဲ့ ရက်ချိန်းယူသွားပြခဲ့တယ်။

သမီးအလှည့်ရောက်ဖို့ စောင့်ရင်း သမီးများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တက်ရရင်ဆိုပြီး စိုးရိမ်နေတာပေါ့။ သမီးနာမည်ခေါ်တော့ အခန်းထဲ ကျွန်မနဲ့ သမီးကြီး ၀င်သွားတော့ ဆရာဝန်မက သမီးကို မျက်စိစမ်းမယ့်ခုံထိုင်ပေါ့။ ကျွန်မက သမီးဘေးရပ်နေတော့ အနားမှာ မနေနဲ့တဲ့ ဘေးက အပိုခုံမှာ ထိုင်ခိုင်းတယ်။ အမှန်က သုံးနှစ်သာရှိသေးတဲ့ သမီးကြောက်မှာစိုးတာရယ်၊ သူမပြောတတ် မဆိုတတ်ရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး စိတ်ပူစွာနဲ့ ကိုယ်က အနားသွားနေခဲ့တာ။ စစစ်တဲ့ အခါကြတော့ ဆရာဝန်မက ကလေးရေ တီဗီမှာ ပေါ်တဲ့ အရုပ်လေးတွေကို တွေ့ရင် ဘာဆိုတာပြောနော် ဆိုပြီး ပြောခိုင်းတယ်။ သမီးက မြင်သမျှ အမှားမရှိ ပြန်ပြောတယ်။ အရုပ်အကြီးကနေ တဖြေးဖြေးသေးသွားပေမယ့် သူပြောတာတွေက မှန်နေတုန်းပဲ။ နောက် ကလေးကို အားလုံးမှန်တယ်နော်ဆိုပြီး စတေကာပေးမယ်ဆိုပြီး ဆရာဝန်မက သမီးလက်မှာ သူ့အကြိုက်ရွေးခိုင်းပြီး စတေကာလေးတွေ ကပ်ပေးလိုက်တယ်။ ပြီး မျက်စဉ်းလေးခပ်ပေးလိုက်ပြီး ခဏထပ်စောင့်ပေါ့။ နောက် အချိန်ရောက်တော့ ထပ်ခေါ်ပြီး ကွန်ပြူတာနဲ့ မျက်စိထပ်စစ်ပေးတယ်။ သမီးမှာ ဘာပါဝါမှ မရှိဘူး။ အားလုံးကောင်းတယ်တဲ့။ ကဲ အားလုံးပြီးတော့ သမီးအတွက် စတေကာဆိုပြီး ထပ်ကပ်ပေးတယ်။ မျက်မှန်မလိုဘူးလို့ပြောလို့ ၀မ်းသာလိုက်ရတာ။

ကျွန်မတို့ ငယ်ငယ်က ဆေးခန်းသွားတာနဲ့တော့ ကွာသွားတာပေါ့။ သူဗိုက်အောင့်လို့လာပြတာ... အဖျားရှိတယ်ထင်တယ်... ဘာညာ... အမေက ရှေ့ကနေ အားလုံးပြောပေးနေခဲ့တာ။ အခုနေ အမေနဲ့ နေခဲ့ရင်တောင် ဆေးခန်းသွားရင် ဘာဖြစ်တယ်ဆိုတာ အမေက ရှေ့ကနေပြောပေးနေအုံးမှာ။ ဒီမှာက ကလေးဘယ်လောက်ငယ်ငယ် စကားစပြောတတ်တဲ့ အရွယ်ရောက်ပြီဆိုတာနဲ့ မိဘဆိုတာ ဆေးခန်းလိုက်ပို့တဲ့ အဖော်သာဖြစ်သွားရော။ ဆရာဝန်က ကလေးကိုသာ ဘာဖြစ်လဲ ဘယ်လိုဖြစ်လဲ ဆိုတာ အသေအချာမေးကြတယ်။ ကလေးကိုကြည့်တဲ့ ဆရာဝန်တိုင်းလိုလို (ကိုယ်တွေ့ရ သလောက်) စိတ်ရှည်ရှည်နဲ့ ကလေးနဲ့ စကားပြောဖို့ အချိန်ပေးကြတယ်။ ကလေးနားလည်အောင် ပြောကြတယ်။ ကလေးဘာကြိုက်လဲ ဘာလဲ အလာပ သလာပ စကားလေးတွေပြောဖို့ အချိန်ရှိတယ်။ နောက် ဆေးခန်းဆိုတာ ကြောက်စရာနေရာ မဖြစ်ရအောင် ကလေးတိုင်းလိုလိုအကြိုက်ဖြစ်တဲ့ သကြားလုံး၊ ပုံဆွဲစာအုပ်၊ စတေကာလေးတွေပေးဖို့ သူတို့မှာ အသင့်ရှိနေကြတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးအောင် ကိုယ်ဘာဖြစ်တယ်ဆိုတာ ပြောတတ်အောင် သင်ပေးတဲ့ ထိုသို့အကြောင်းများကြောင့်လဲ ဤနေရပ်သည် ကျေးဇူးတင်ထိုက်လာပေသည်။


❤ ထာဝရဆု ❤

No comments:

Post a Comment